သြစတေးလျနိုင်ငံမှာ ပိုးသတ်ဆေးအမျိုး ၂ဝ လောက် ခွင့်ပြုပေးလိုက်လို့ တစ်နိုင်ငံလုံး ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေ ပွက်လောညံနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အမျိုး ၂ဝဝ လောက် ကျေးလက်ဒေသ တွေမှာ အတိုင်းအဆမရှိ ရောင်းဝယ်ဖောက်ကား သုံးစွဲနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
မြစ်ချောင်းအင်းအိုင်ပေါများလှတဲ့ မြန်မာနိုင်ငံမှာ တစ်ချိန်က ရေချိုငါးဆိုတာ စားလို့ မကုန်လောက်အောင် ပေါများလှပါတယ်။ ဘယ်နေရာမှာပဲ ဖမ်းဆီးဖမ်းဆီး မြစ်ငါး၊ အင်းငါး၊ ချောင်းငါး ပေါများလွန်းလို့ ပင်လယ်ငါးကိုတောင် မြန်မာလူမျိုး တွေဟာ မစားသလောက် ဖြစ်ကြရပါတယ်။ ဒါကြောင့် “ခေတ်မီသူတိုင်း ပင်လယ် ငါး စားကြသည်”ဆိုတဲ့ ဆောင်ပုဒ်ကို တစ်နိုင်ငံလုံးဖြန့်ဝေပြီး လှုံ့ဆော် ခဲ့ရတဲ့အထိပါပဲ။ မြန်မာနိုင်ငံအထက်ပိုင်းမှာ ချောင်းရိုး၊ မြောင်းရိုးတွေ မှိုလိုပေါက်နေသလို ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကြီးလေးသွယ်ကလည်း ငါးသယံဇာတတွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။
မြန်မာပြည်အောက်ပိုင်း ရောက်လာတဲ့အခါမှာ ရေနက်ကွင်းကြီးတွေရှိပြီး သဘာဝအတိုင်း ငါးတွေကို မွေးမြူထားသလို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ ပေါက်ဖွားကျက်စားနေတဲ့ ငါးအမျိုးအစားတွေကတော့ ငါးကျည်း၊ ငါးခူ၊ ငါးဘတ်၊ ငါးရံ့၊ ငါးမြွေထိုး၊ ငါးဖယ်၊ ငါးပြေမ၊ ငါးဖီးမ၊ ငါးခုံးမ၊ ငါးဇင်ရိုင်း၊ ငါးစင်စပ်၊ ငါးသံချိတ်၊ ငါးနုသန်း၊ ငါးပုဏ္ဏား စသည်ဖြင့် အမျိုးအမည်မြောက်များစွာ ပေါက်ဖွား ရှင်သန်လျက်ရှိပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနရဲ့ မှတ်တမ်းအရမြန်မာနိုင်ငံရဲ့ ရေချိုဧရိယာထဲမှာ ရှင်သန်ပေါက်ဖွားတဲ့ ငါးအမျိုးအစားပေါင်း ၂ဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။ ဒီငါးမျိုးတွေဟာ မိုးဦးကျတဲ့အချိန် ရွာချလိုက်တဲ့ မိုးရေနဲ့အတူ ချောင်း၊ မြောင်း၊ အင်းအိုင်တွေမှ တစ်ဆင့် မြစ်ကြီးတွေဆီကို မျိုးပွား သားပေါက်ရန်အတွက် လာရောက်ကြပါတယ်။ သဘာဝက ဖန်တီးပေးတဲ့နေရာတွေမှာ ထို ငါးရစ်ငါးတွေဟာ မိတ်လိုက်ဥချ ပေါက်ဖွားကြပါတယ်။
ငါးမကြီးတွေက ပေါက်ဖွားလာတဲ့ ငါးသားပေါက်လေးတွေဟာ ရေတိမ်ကွင်းများမှာ ရှင်သန်ကျက်စားပြီး သဘာဝ အစားအစာတွေဖြစ်တဲ့ ရေညှိ၊ ရေမှော်(Phytoplankton)၊ ပိုးမွှား အကောင်သေးများ (Zooplankton) တွေကို စားသုံး ပြီးတော့ ကြီးထွားလာကြပါတယ်။ တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ ရေနည်းပါးလာတဲ့ကွင်းများကတစ်ဆင့် မြစ်ချောင်းများ ထဲသို့ ရွှေ့ပြောင်းသွားပြီး ငါးလတ်ငါးကြီးများ ဖြစ်လာကြပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေပမာဏနဲ့ သဘာဝအတိုင်း ပေါက်ဖွားနေတဲ့ ငါးသယံဇာတဟာ ၁၉၈ဝ တစ်ဝိုက်က အချိုးအညီဆုံး ဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေကို ပြောင်းလဲပစ်လိုက်တဲ့အရာကတော့ စပါးအထွက်တိုးဖို့ အသုံးပြုတဲ့ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေး တွေ ပဲဖြစ်ပါတယ်။ ယခင်က ဒီပေါင်းသတ်ဆေးတွေဟာ နိုင်ငံခြားက တင်သွင်း ဝယ်ယူရတဲ့အတွက် တောင်သူအများစု အသုံးမပြုနိုင်ခဲ့ပါဘူး။ တောင်သူအများစု လက်လှမ်းမီ တဲ့အရာကတော့ ပုလဲဓာတ်မြေသြဇာလောက်သာ ရှိပါတယ်။
၁၉၉ဝ တစ်ဝိုက်ရောက်လာတဲ့အခါ စပါးသီးနှံသာမက ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ ကိုက်လန်၊ မုံညင်းစတာတွေ ပိုးမွှားမကပ်အောင် ပက်ဖျန်းရတဲ့ ပိုးသတ်ဆေးရည်တွေလဲ ပေါ်ပေါက် လာပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ စိုက်ပျိုးသီးနှံတွေကို ပက်ဖျန်းရတဲ့ ပိုးသတ်ဆေးဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီကြီးတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒီကုမ္ပဏီကြီးတွေက သူတို့ရဲ့ကုန်ပစ္စည်း ပေါ ပေါများများရောင်းချရဖို့အတွက် ကျေးလက်တောရွာတွေမှာ အရောင်းကိုယ်စားလှယ်တွေခန့်ပြီး အကြွေးစနစ်နဲ့ ကနဦးဖြန့်ချိပေးခဲ့ပါတယ်။
ပိုးသတ်ဆေးသုံးစွဲရတဲ့ အရသာကို သိသွားတဲ့ တောင်သူတွေဟာ နောက်နှစ်သီးနှံစိုက်တဲ့ ရာသီရောက်တော့ ပိုးသတ်ဆေး မသုံးရမနေနိုင် ဖြစ်လာပါတော့တယ်။ ဒီနည်းနဲ့ ဥပဒေအရ ဓာတုပိုးသတ်ဆေးအမျိုးမျိုးကို အစိုးရက မထိန်းချုပ်နိုင်ခင်မှာ တစ်နိုင်ငံလုံးကို ပြန့်သွားပါတော့တယ်။ အခုဆိုရင် ဒီကုမ္ပဏီကြီးတွေဟာ ပိုးသတ်ဆေးသာမက ပေါင်းသတ်ဆေး၊ ရွက်ဖြန်း အားတိုးဆေး၊ သီးနှံအထွက်တိုးဆေး စသည်ဖြင့် အမျိုးအမည်အမျိုးမျိုးနဲ့ ဓာတုဆေးတွေကို အကန့် အသတ်မဲ့ ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။
စိုက်ပျိုးရေးပညာရှင်တစ်ဦးရဲ့ သုတေသနပြုချက်အရ မြန်မာနိုင်ငံမှာ ပေါင်းသတ်ဆေး အလွန်အကျူး သုံးစွဲနေတဲ့ အတွက်ကြောင့် ကျေးလက်တောရွာတွေမှာ ယခင်ကရှိခဲ့တဲ့ ပေါင်းပင် (၈) မျိုးဟာ မျိုးတုံးပျောက်ကွယ်သွား ပြီဆိုတာပါပဲ။ ပေါင်းသတ်ဆေးဟာ ဓာတုဆေးတစ်မျိုးဖြစ်ပြီး မိမိစိုက်ပျိုးတဲ့သီးနှံ အာဟာရပြည့်စေရန်အတွက် ဘေးမှာကပ်ပေါက်တဲ့ ပေါင်းပင်များ၊ ပေါင်းမြက်များ မျိုးတုံးသေသွားစေဖို့အတွက် Herbicide လို့ခေါ်တဲ့ နည်းစနစ်နဲ့ ဖော်စပ်ထားတာဖြစ်ပါတယ်။
ပိုးသတ်ဆေးနဲ့ပတ်သက်ပြီး ပညာပေးမှုနည်းပါးနေတဲ့ မြန်မာနိုင်ငံမှာ တောသူတောင်သားတွေဟာ အခုဆိုရင် ပိုးသတ်ဆေးကို စိုက်ပျိုးရေးအတွက်သာမကပဲ ငါးဖမ်းဆီးရေးမှာပါ တစ်လွဲသုံးနေတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ ရွာသားတွေဟာ အခုဆိုရင် မိမိရွာ ပတ်ဝန်းကျင်မှာရှိတဲ့ ချောင်း၊ မြောင်း၊ အင်းအိုင်ထဲမှာ ယခုဖော်ပြထားတဲ့ ပေါင်းသတ်ဆေးကိုသုံးပြီး ငါးရှာဖွေဖမ်းဆီးနေတာ (၅) နှစ်လောက် ရှိပြီဖြစ်ပါတယ်။
ပိုးသတ်ဆေးနဲ့ပတ်သက်ပြီး ပညာပေးမှုနည်းပါးနေတဲ့ မြန်မာနိုင်ငံမှာ တောသူတောင်သားတွေဟာ အခုဆိုရင် ပိုးသတ်ဆေးကို စိုက်ပျိုးရေးအတွက်သာမကပဲ ငါးဖမ်းဆီးရေးမှာပါ တစ်လွဲသုံးနေတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ ရွာသားတွေဟာ အခုဆိုရင် မိမိရွာ ပတ်ဝန်းကျင်မှာရှိတဲ့ ချောင်း၊ မြောင်း၊ အင်းအိုင်ထဲမှာ ယခုဖော်ပြထားတဲ့ ပေါင်းသတ်ဆေးကိုသုံးပြီး ငါးရှာဖွေဖမ်းဆီးနေတာ (၅) နှစ်လောက် ရှိပြီဖြစ်ပါတယ်။
သူတို့ ပိုးသတ်ဆေးဖြန်းလို့ ရေပေါ်ပေါ်လာတဲ့ ငါးတွေထဲမှာ မျိုးဥတွေနဲ့ငါးမကြီးတွေ ဥကပ်နေတဲ့ ပုဇွန်ကြီးတွေ ပါလာ လေ့ရှိပါတယ်။ ဒါတွေကိုပါ ဖမ်းဆီးတဲ့အတွက်ကြောင့် ပေါက်ဖွားမှုမရှိတော့ဘဲ နောက်နှစ်တွေမှာ ငါး၊ ပုဇွန် ရှားပါးမှုတွေ ကြုံတွေ့ရတော့တာပါပဲ။ တံငါသည်ရဲ့လက်ချက်မမိဘဲ ကျန်ခဲ့တဲ့ ငါး၊ ပုဇွန် အမတွေဟာလည်း ဓာတုဆေးဝါး သင့်ပြီး သားပေါက်ဖွားမှု “အ” သွားတာတွေလည်း ရှိလာနေပြီဖြစ်ပါတယ်။ ငါးဖမ်းသူတွေဟာ ပိုးသတ်ဆေးအပြင် ဘက်ထရီနဲ့ ရှော့တိုက်ပြီးပါ ဖမ်းဆီးကြပါတယ်။ ဓာတုဆေးဝါးဒဏ်ပဲသင့် သင့်၊ လျှပ်စစ်လှိုင်းပဲသင့်သင့် မည်သည့်ရေသတ္တဝါမဆို နာရီဝက်အတွင်း ရေပေါ်ပေါ်လာတဲ့အခါ ငါးရှာတဲ့သူတွေက ဒိုင်းကွင်းတွေနဲ့ အကုန်ခပ်ပြီး ရောင်းချလိုက်တဲ့အတွက် မျိုးတုံးကုန်ပါတော့တယ်။
၁၉၉၁ ခုနှစ်မှာ မြန်မာ့ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတ မျိုးမတုံးစေဖို့အတွက် ပေါက်ကွဲစေ တတ်သည့်ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊ ဘက်ထရီရှော့တိုက်ခြင်းများဖြင့် ငါးဖမ်းခြင်းပြုလုပ်ပါက ဥပဒေပုဒ်မ ၃၄ နှင့် တားဆီးထားခဲ့ပါတယ်။ တားမြစ်ထားတာကို ဖောက်ဖျက်ပြီး ငါးဖမ်းမယ်ဆိုရင် ပုဒ်မ ၄၅ အရ ထိုသူကို ဒဏ်ငွေ ကျပ် ၃ဝဝဝဝ ဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမယ်လို့ အတိအ လင်းဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ အခု ဆိုရင် နှစ်ပေါင်း ၃ဝ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဥပဒေကို လက်ရှိပြည်သူ့အစိုးရ ကိုယ်တိုင် စိတ်ဝင်စားခြင်း မရှိတဲ့ အတွက် ပြစ်ဒဏ်တွေကို ခေတ်နဲ့အညီ ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံ ကျေးလက်အနှံ့အပြားမှာ ပိုးသတ်ဆေး ချ၍ဖြစ်စေ၊ ဘက်ထရီရှော့တိုက်၍ဖြစ်စေ ငါးဖမ်းလုပ်ငန်း ကျယ်ပြန့်နေတာကို ဒီအတိုင်း လက်ပိုက်ထိုင်ကြည့် နေရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်က တားမြစ်ထားတဲ့နည်းနဲ့ ငါးဖမ်းတဲ့သူတွေကို ထိထိရောက်ရောက် တားမြစ်ရ ကောင်းမှန်း မသိသေးပါဘူး။ ရလဒ်ကတော့ နှစ်စဉ် မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရေချိုငါးပမာဏဟာ ကျဆင်းလျက် ရှိသလို အကောင်တွေရဲ့ အရွယ်အစားဟာလည်း သေးငယ်သွားပါပြီ။ ဧရာဝတီမြစ်ထဲကနေ လေးငါး ဆယ်ပေရှိတဲ့ ငါးမျိုး မမိတာလည်း ကြာပါပြီ။ လွန်ခဲ့တဲ့နှစ် ၃ဝ က မြန်မာနိုင်ငံမှာ ပေါများခဲ့တဲ့ ငါးဖီးမ၊ ငါးပနော်၊ ငါးတောင်စဉ်း၊ ငါးသံချိတ်ဆိုတဲ့ ငါးတွေလည်း ယနေ့ ခေတ်လူငယ်တွေ မမြင်ဖူးကြတော့ပါဘူး။ ဒါ့ကြောင့် လက်ရှိရေချိုငါး ဥပဒေကို ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးနဲ့ အစားထိုး မပြောင်းလဲနိုင်ဘူးဆိုရင် …။
ဓာတုဆေးဝါးနဲ့ ပေါင်းသတ်ဆေးတွေကို ကျေးလက်တောရွာတွေမှာ မထိန်းချုပ်ဘဲ စည်းမရှိ ကမ်းမရှိ သုံးစွဲခွင့် ဆက်လက် ပေးထားဦးမယ်ဆိုရင် …။ မြန်မာနိုင်ငံဟာ ၅ နှစ်အတွင်း သဘာဝရဲ့ဒဏ်ခတ်ခြင်းခံရပြီး ရေချိုငါးသယံဇာတတွေ မျိုးတုံး ပျောက်ကွယ်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
Credit @ဇော်သက်ထွေး (SSS စိုက်ပျိူးရေးဝန်ဆောင်မှုလုပ်ငန်း)
ကြေငြာတင်ခဲ့သည့်နေ့ 2020-02-05
ကြေငြာတင်ခဲ့သည့်နေ့ 2020-01-20